၂၀၂၀ပြည့်နှစ် နွေစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ရေဖြူ ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ ကြီးမှူး​ဆောင်ရွက်သည့်​​ ထားဝယ်ခရိုင်၊​ ရေဖြူမြို့နယ်တွင် နွေစပါး​ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း သရုပ်ပြပွဲကို ယမန်နေ့က မင်းဒပ်ကျေးရွာ တောင်သူ ဦးစံရွှေလယ်တွင် ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

တောင်သူများအတွက် တစ်ဧကမျိုးစေ့နှုန်းသက်သာစေရန်၊ စိုက်ပျိုးစရိတ်သက်သာရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်ရရှိ​စေရန်၊ လုပ်သားရှားပါးမှု ပြဿနာများကို​ဖြေရှင်းနိုင်​စေရန်၊​​​ ရေ​၊​ မြေ​ဒေသ အလားအလာ​ကောင်းများအ​ပေါ်အ​ခြေခံ၍နွေစပါး စိုက်ဧကများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာ​စေရန်နှင့်​ တောင်သူများဝင်​ငွေတိုးတက်ရရှိ​စေရန် ရည်ရွယ်၍​ဆောင်ရွက်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဦးမြင့်စန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးခန့်၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းစိုးနှင့်ဦးဇော်ဝင်းထွန်း၊ ထားဝယ်ခရိုင်ဦးစီးမှူးဒေါ်စန်းစန်းတင့်၊ ထားဝယ်ခရိုင်အတွင်းရှိမြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊​ဒေသခံအကျိုး​ဆောင်​တောင်သူကြီးများတက်​ရောက် ကြည့်ရှု၍သိလိုသည်များ အားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့‌ကြောင်းသိရသည်။

 ဖြူဖြူရှိန်(ပြန်/ဆက်)