လောင်းလုံး ဒီဇင်ဘာ ၁၄
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများအား Shopping Method ဖြင့်ရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လောင်းလုံးမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ရွေးချယ်ထား သော ကျေးရွာများအနေဖြင့် ကျေးရွာနေပြည်သူများ ပူးပေါင်းမှု အားကောင်းဖို့အတွက် လိုအပ်ပါကြောင်း သက်ဆိုင်ရာဌာန များ အနေဖြင့် လက်လှမ်းမမီ နိုင်သော ကျေးရွာများဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် အကြံပြုရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသည် အောင်မြင်သည့်စီမံကိန်း တစ်ခုဖြစ်ကြောင်း ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်စိုးက (VDP) ရွေးချယ်ရာတွင် ဌာနများ လက်လှမ်းမမီနိုင်သော ကျေးရွာများသာ ရွေးချယ်ရန် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တစ်ခုချင်းစီအနေဖြင့် အကောင်းဆုံး အကြံပြုပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ထားဝယ်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးလင်းက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကျေးရွာ (၁၀) ရွာ စာရင်းအားရွေးချယ်၍ အဆိုပြုခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်စိုး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးဦးစိုးလင်း၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)