လင်းခေး ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ “နမ့်ခုံး”ရှမ်းများ ပရဟိတ အသင်းခွဲ (လင်းခေးမြို့နယ်)က မြို့နယ်အတွင်းရှိ ကျေးလက် ဒေသနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပြုစုပေးခြင်း လုပ်ငန်းကို ယမန်နေ့က ကျေးရွာ (၅)ရွာသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များ၊ မြို့နယ်ကုသရေး နှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဋ္ဌာန၏ စည်းကမ်းချက်များအား လိုက်နာလျက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လင်းခေးမြို့ နှင့် ၈ မိုင်ခန့် အကွာအဝေးရှိ ကျေးရွာများဖြစ်သည့် နမ့်တုတ်ကျေးရွာ၊ ပန်ကျိုင်၊ ဟွေဆင်၊ တိန်းကွမ့် ကျေးရွာနှင့် ဟတ်မိုင်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ လက်ဝယ် အရောက် ဆန်၊ လူသုံးကုန် ပစ္စည်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် ငွေကြေးချို့တဲ့သူ အချို့ထံ အလှူငွေများ ကန်တော့ပေးခြင်းလုပ်ငန်းများကို ကျေးရွာ ၅ ရွာသို့ အရောက် လှည့်လည်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“အခုလို ကျွန်မတို့ အဖွဲ့တွေ လှည့်လည်ကွင်းဆင်းပြီး ဒီလုပ်ငန်းကိုပူးပေါင်းဆောင်ရွက်ခဲ့ကြရတဲ့ ရည်ရွယ် ချက်က ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်းမှာ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသအချို့မှာနေထိုင်ကြတဲ့ ကျေးရွာသူကျေးရွာသားများက ကျန်းမာရေးချို့တဲ့ခြင်း၊ ကုသမှု ခံယူဖို့ မိသားစု စားဝတ်နေရေး၊ စီးပွားရေးနဲ့ သွားလာဖို့ အတွက် အခြားအခက်အခဲများ ရှိနေကြတဲ့ ကျေးရွာရှိ ပြည်သူများကို အခမဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးလိုခြင်းနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ကျွန်မတို့အသင်းခွဲအနေနဲ့တတ်နိုင်သလောက်လေး အစားအစာ၊အဝတ်အထည်တွေ တစ်ကိုယ် ရည်သုံး ပစ္စည်းလေးတွေ ကုသိုလ်ပြုပေးချင်လို့ အခုလိုလာရောက်ကူညီဆောင်ရွက် ပေးကြရခြင်းပဲ ဖြစ်ပါ ကြောင်း ”ဟု ၎င်း အသင်းခွဲမှ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းရွှေဌေး က ပြောသည်။
စိုင်းဇော်လတ်(လင်းခေး)