မိုင်းတုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဏာရေးနှစ် ကျေးရွာချင်းဆက်မြေသားလမ်းဖောက်လုပ်မှုအား တာဝန်ရှိသူတို့က ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၆၆.၃၈၀သန်း) ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နောင်ယာဆိုင်း-လွယ်ဖတ်ကလေး-နားကော့-မုံးအစ် ကျေးရွာချင်းဆက် လမ်းအရှည် ၄ မိုင် အကျယ် ၁၂ ပေ မြေသားလမ်းအား (၂၉-၁၁-၂၀၂၀)ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစောလွင်မိုးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက နောင်ယာဆိုင်း-လွယ်ဖတ်ကလေး-နားကော့-မုံးအစ်ကျေးရွာ ကျေးရွာများသို့ လွယ်ကူစွာ ကူးသန်းသွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးစောလွင်မိုးထံမှ သိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)