နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

သီပေါ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက်   စားသောက်ကုန် (၈)မျိုးနှင့် စောင်များအား ယမန်နေ့မွန်းလွဲပိုင်း က နှလုံးသာပရဟိတ (သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကိုယ်စား နှလုံးသားပရဟိတအဖွဲ့ (သီပေါ)မှ  တာဝန်ရှိသူများက ဘော်ကြိုကျေးရွာ၊ ကျင်သီကျေးရွာများရှိ  အခြေခံလူတန်းစား အိမ်ထောင်စု(၅၀)စုအား  စားသောက်ကုန် (၈)မျိုးစီနှင့် စောင်လိုအပ်သူများအား ခြုံစောင်ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင်ကျေးရွာနေ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့် ရရှိလာစေရန် နှာခေါင်းစည်း (Mask)များ ပေးဝေကာ အသိပညာပေးခြင်း နှင့် ကလေးငယ်များကိုလည်း မုန့်၊ Ovaltine အထုတ်များပေးဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှလုံးသားပရဟိတအဖွဲ့ (သီပေါ)သည် ကိုဗစ်−၁၉ ကာလအတွင်း သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ စားဝတ်နေရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ကွင်းဆင်းစာရင်းများ ကောက်ယူ၍ တစ်လလျှင် (၂)ကြိမ် ရပ်ကွက်၊ ကျေးရွာများသို့ အလှည့်ကျ ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)