ဇလွန် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်မိုးစပါးအပြီး ဒုတိယသီးနှံအဖြစ် ဆောင်းနှမ်းဧက (၃၀၀)ခန့်ကို ထုံးတပို၊ ရေလဲ၊ အရှေ့လေးတူး၊ မေရီလန်းနှင့် နန်းတော်ကျွန်း ကျေးရွာ အုပ်စုတို့တွင် စိုက်ပျိုးထားရာ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်သည် မိုးစပါးအပြီး မတ်ပဲသီးထပ်ကိုသာ အဓိကအားထား စိုက်ပျိုးခဲ့ပြီး ယခင်နှစ်မှစ၍ ဆောင်းသီးနှံအဖြစ် နှမ်းကိုစမ်းသပ် စိုက်ပျိုးခဲ့ရာ စျေးကွက်ခိုင်မာပြီး တောင်သူများ ဝင်ငွေကောင်း သဖြင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးလာကြသည်။
ဇလွန်မြို့နယ်တွင် အများဆုံးစိုက်ပျိုးသည့် နှမ်းမျိုးမှာ စမုံနက်နှမ်းမျိုးဖြစ်ပြီး တစ်ဧကပျှမ်းမျှ (၁၀)တင်းနှုန်း ထွက်ရှိပြီး စိုက်ပျိုးစရိတ်၊ အပင်ပြုစုစောင့်ရှောက်ကုန်ကျစရိတ်များ သက်သာပြီး စျေးကွက်ခိုင်မာပြီး ဝင်ငွေကောင်းသဖြင့် တိုးချဲ့စိုက်ပျိုး လာကြကြောင်း သိရသည်။
ဇလွန်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယခုနှစ်တွင် စမုံနက်နှမ်းမျိုးအပြင် မကွေးနှမ်းနက်မျိုး ၂/၁၄ ကို နှမ်းစိုက်တောင်သူများအား ဖြန့်ဝေ၍ နှမ်းအထွက်တိုးရေး နည်းပညာများကို ကွင်းဆင်း အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်များတွင် (GAP) လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ဝေယံ- ဇလွန်(ပြန်/ဆက်)