ကျောက်ဆည်မြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြော၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇွန်    ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန်မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာ က အမှာစကား ပြောကြားသည်။

ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်ထက်မြက်စေရန်၊ လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် ဒေါ်ခင်ချို(သီတဂူကျောက်ဆည်)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း  အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)