မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီရွေးချယ်ခြင်း ပြုလုပ်

မိတ္ထီလာ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အိုင့်ကျေးရွာနှင့် ကူတော်ကျေးရွာတို့တွင် ယမန်နေ့က မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ရွေးချယ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာ တစ်ရွာလျှင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို  ပေးအပ်ပြီး ၎င်းကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အရောင်းအဝယ် လုပ်ငန်းများကို တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြင့်လုပ်ငန်းနိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြင်းကန်ကျေးရွာအုပ်စု အိုင့်ကျေးရွာနှင့် အင်းကျေးရွာအုပ်စု ကူတော်ကျေးရွာတို့တွင် အကောင် အထည်ဖော်ဆောင်ရွက်ရာ အဆိုပါ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းကို ဒေသခံပြည်သူများ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မြစိမ်းရောင်စိမံကိန်း ကော်မတီဝင်များက ကျေးရွာသူ ကျေးရွာ သားများ၏ သဘောဆန္ဒဖြင့် ရွေးချယ်ထားသော ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြိုနယ်တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၅၂ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)