ကျိုက်လတ်၌ ‌ဈေးများဖွင့်လှစ်နိုင်ရေး ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

ကျိုက်လတ်  ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဈေးများဖွင့်လှစ်နိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ၊ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား စမ်းသပ်ဖွင့်လှစ်ခွင့် ပြုနိုင်ရေးအတွက် ပါဝင်ဆွေးနွေးပေးကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ဈေးရောင်းချသူများ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ဈေးစစ်ဆေးရေးအဖွဲ့က နေရာခွဲ၍ ကြီးကြပ်ပေးပါက ပို၍အဆင်ပြေနိုင်ကြောင်း၊ ဈေးဝယ်မည့်သူများအတွက် One Way စနစ် ကျင့်သုံးနိုင်ပါက ပို၍ကောင်းမည် ဖြစ်ကြောင်း၊ ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြုလုပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ ပြုလုပ်သင့်ကြောင်း၊ ထိုသို့လိုက်နာမှုမရှိပါက ဈေးရောင်းခွင့်ကို ()ရက်၊ ()ရက်၊ (၁၀)ရက် စသည်ဖြင့် ခေတ္တ ရပ်နားထားမည်ကို ကြိုတင်အသိပေး၍ အကြောင်းကြား ထားသင့်ကြောင်း၊ အလုပ်သမားများ ထမင်းအတူတူ စားခွင့်မပြုရေးတို့ကို သေချာစွာ လိုက်နာ စေလိုကြောင်း၊ သို့မှသာ ရောဂါပိုးကူးစက်မှုမရှိဘဲ ရေရှည် ဈေးဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်းတို့ကို အကြံပြု ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးအောင်သူဝင်းနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေး သွားခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)