ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် မူလတန်းကျောင်းကျောင်းဆောင်သစ်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် တည်ဆောက်ပေးမည်

ကျောက်မဲ     ဒီဇင်ဘာ      ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာရွာသစ် (ပလောင်ငြိမ်းချမ်းရေး ကုန်း) မူလတန်းကျောင်း ကျောင်းဆောင်သစ်ကို  နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးမည်ဖြစ်ရာ အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့် နေရာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်ကြီးကြပ်ရေးမှူး ဦးကျော်သက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက မြေသန့်/ပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ဆောက်လုပ်မည့် ကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ RC တစ်ထပ် အဆောက်အဉီ (ရေ၊ မီး၊ မိလ္လာအပါ) ဖြစ်ပြီး ဆောက်လုပ်ရန် Polar Star ကုမ္မဏီမှ ငွေကျပ် ၁၁၄ ဒဿမ ၁၂၇ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြေသာယာရွာသစ်ရှိ  မူလကျောင်းဆောင်တွင် ကျောင်းသား/သူ ၁၂၀ ဦးကျော် တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး ကျောင်းဆောင်သည် သက်တမ်းကြာမြင့်နေကာ ဉပဓိရုပ် မကောင်းတော့သောကြောင့် နယ်စပ်ရေး ရာဝန်ကြီးဌာနမှ အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရေးဆောင်ရွက်ပေးခြင်းဖြစ်သည်။

မိုင်းထွန်း(ပြန်/ဆက်)