လဲချား ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီးအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာဇင်မောင်နွယ်မှ ဆေးလိပ်ငွေ့ ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက် ကြီးကြောင့် ဖြစ်သော ရောဂါများ၊ ဆေးလိပ်နှင့်ကွမ်းယာ စားသုံးခြင်းမပြုရန်၊ သတိပြုလိုက်နာ ဆောင်ရွက်ရန် စသည့် “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်မှ လူမှုဘဝ မြင့်မားရ” ဆိုသည့် ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို အသိ ပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)