ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းကြရမည်

ချမ်းအေးသာစံ ဇွန် ၂၊၆

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅)အစည်းအဝေးကို ဇွန်၂၅ရက် မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်  အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မက်ခရိုစီးပွားရေး အခြေအနေအပေါ်အခြေခံပြီး ပြည်တွင်းထုတ်ကုန် ဦးစားပေးဆောင်ရွက်နိုင်ရန် ဒေသနှင့်ကိုက်ညီ သင့်လျော်သည့် ကဏ္ဍအလိုက်ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်၍  သွင်းကုန် အစားထိုး ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို ကာလတို၊ ကာလလတ် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြ လျှောက်ထားလာမှုနှင့် မြေပြင်တွင်အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ယခင်အစည်းအဝေးမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခုအစည်းအဝေးတွင် တင်ပြ လျှောက်ထားလာမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

င်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 ထွန်းထွန်းနိုင်