ချမ်းအေးသာစံ ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသော ယာမြေများအား စပါးစိုက်လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်၂၅ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်ကိုအဓိကစားသုံးသောနိုင်ငံဖြစ်သည်နှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံ၏အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ စားရေရိက္ခာ ဖူလုံရေးအတွက် စပါးပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ ရေ၊ မြေ၊ နည်း ဟန်ချက်ညီစွာဖြင့် စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တောင်သူများအနေဖြင့်ဒေသဝမ်းစာ အတွက် မြေယာတည်ရှိမှုအပေါ်မှုတည်ပြီး စပါးသီးနှံကို လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်း၊ တောင်ယာအစရှိသည့် မြေအမျိုးအစားအမျိုးမျိုးအပေါ်တွင် စိုက်ပျိုးလေ့ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ စပါးစိုက်ပျိုးသော ယာမြေများအား မိုးကောင်းသောက် လယ်မြေအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများအတွက် အကျိုးဖြစ်ထွန်းသလို စားရေရိက္ခာဖူလုံရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယာမြေစပါးစိုက်ပျိုးဧရိယာများအဖြစ်မှ စပါးစိုက်လယ်မြေအဖြစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် အလေးထားကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း လယ်မြေနှင့်ယာမြေများပေါ်တွင် မိုးစပါးစိုက်ပျိုးမှု အခြေအနေများနှင့် စပါးစိုက်ပျိုးသောယာမြေများအား စပါးစိုက်လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်