ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

ဒေးဒရဲ  ဒီဇင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးဝန်းကျင် ကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်ကားဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်စုံတစ်ဦး၏ ပေါ့လျော့မှုကြောင့် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရေး နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဗူးများ ထားရှိကြစေရေး၊ မီးကိုအသုံးပြုပြီးတိုင်း မီးကြွင်းမီးကျန်များကို စနစ်တကျ ရေဖြင့်ငြှိမ်းသတ်ရန်၊ မီးလောင်လွယ်သော ပစ္စည်းများနှင့် လောင်စာပစ္စည်းများအား မီးဖိုအနီးမထားရှိရန်၊ ကလေးငယ်များအား မီးကို ဆော့ကစားခြင်း မပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့် ခြင်ဆေးခွေများ ထွန်းညှိအသုံးပြုပါက မီးလောင်မလွယ်သော ခွက်များဖြင့် အသုံးပြုရန်၊ မိမိတို့နေအိမ်ခြံဝန်းအတွင်းရှိ အမှိုက်များ ရှင်းလင်းထားရန် စသည့် ဆောင်ရန်၊ ရှောင်ရန်လုပ်ငန်းများအား လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးသတ်ကားဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း ဖြစ်ကြောင်းနှင့် အပတ်စဉ်လှည့်လည် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းအားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေးထံမှ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)