ဒေးဒရဲ ဒီ ဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာန (NHL)သို့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည်ရောက်ရှိလာသူများကို ဒေးဒရဲမြို့နယ်၌ ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ထားရှိသူ (၈၇)ဦး၏ Swab နမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၈)ဦး၊ စုစုပေါင်း(၁၅)ဦး ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား ဒေးဒရဲမြို့ရှိ အထက(၃)နှင့် သာသနာ့ဗိမာန် (ယာယီဆေးရုံ)တို့တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၄၆)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၉၁)ဦး၊ ဆေးကုသမှုခံယူနေသူ (၅၅)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)