ကျောက်ဆည်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်

ကျောက်ဆည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာ ပေးခြင်းများကို ယမန်နေ့ည ၇ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်သို့ လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးထွန်း မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ အဆောက် အဦများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန်နှင့် နေအိမ်အဆောက်အဦတိုင်းတွင် ခိုင်ခန့်သောမီးချိတ်မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးများထားရှိရန်နှင့် မီးသုံးစွဲရာတွင်လည်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အစဉ်သတိပြုပြီးစနစ်တကျ သုံးစွဲကြစေရေး အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စေရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မြို့ပေါ်ရပ်ကွက်များ စက်ရုံ၊ အလုပ်ရုံများနှင့် ကျေးရွာများ၌ ကွင်းဆင်းကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး