မြန်အောင် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်အောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ အထက (၂) တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် ဖျော်ဖြေရေးကဏ္ဍ၊ ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပရာ၌ စနစ်တကျ ရှိစေရေးတို့ကို ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်မာလာဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေး ဆပ်ကော်မတီအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်အောင်မြို့၊ အထက (၂) ၌ ကျင်းပမည့် ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အခြေခံပညာဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန အစရှိသဖြင့် ပြခန်း (၉) ခန်း၊ ကလေးစာဖတ်ခန်း ၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ အရုပ်ဆက်၊ စကားပုံဆက် စသည့် ပြိုင်ပွဲများနှင့် ခါးကွင်းလှည့်၊ ခွက်နင်းလမ်းလျှောက်၊ ခုံဖိနပ်စီး၊ ပူးပေါင်းညှပ်၊ ဂေါ်လီလုံးပစ်ကစားနည်းများ၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲ အစီအစဉ်များ၊ စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်ပွဲတော်များကို ထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
မန်းကျော် (ပြန်/ဆက်)