ဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေး

ဟားခါး         ဒီဇင်ဘာ             ၁၅

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာ မှတဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄)ပေ၊သွပ်မိုး၊သွပ်ကာ၊ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန်နှင့် ဝန်ထမ်းများက ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ နှင့်အလှူငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့ကဟားခါးမြို့၊မြို့နယ် စုပေါင်း ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးရာတွင် အိမ်ဆောက်ပစ္စည်းအတွက်ငွေကျပ်(၁)သိန်း၊ အိမ်ထောင်စုအတွင်းရှိ မိသားစုဝင်(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်းဖိုးငွေ(၆၃၀၀)ကျပ်နှင့် ထိခိုက်နစ်နာသည့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု ရှိသူများအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို ထောက်ပံ့ပေးလျက်ရှိကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန်ထံမှ သိရှိရသည်။

အောင်ခွီရှိန်း