မိုင်းယု ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မရပ်ကွက် ကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများကို ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး(Mask Campaign) ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပြုလုပ်မှုကို မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ် နှင့် လက်ထောက်တိုက်နယ်ဆရာဝန် ဒေါက်တာစုစုလှိုင်တို့ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများက မြို့မရပ်ကွက် ကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် တားဆီးမှု ရရှိစေရန်အတွက် နှာခေါင်းစည်း မတပ်ပဲဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူ တို့ကို နှားခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ လက်ရှိကူးစက်ပြန့်ပွား နေမှုအခြေအနေများ၊ ဈေးရောင်း/ဈေးဝယ်ပြုလုပ်လျင် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ထားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အရောင်း/ဝယ်ပြုလုပ်ကြရန်၊ ဆိုင်ပတ်လည်တွင် စည်းတား ရောင်းချကြရန် စသည့်တိုကို (Hand Speaker) ဖြင့် အသိပညာပေး ဆော်ဩခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုက်နယ် ဆရာဝန်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါသည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်း မြို့နယ်များ အထိ ကူးစက်သူများ ရှိလာသောကြောင့် မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူတို့မှ ဒေသတွင်းရောဂါကူးစက်မှုမရှိစေရန်အတွက် အနယ်နယ် အရပ်ရပ်မှ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး နယ်စပ်ဒေသ ကုန်သွယ်မှု မိုင်းယု-ကျိန်းတံတားအား ယာယီပိတ်ထားခြင်း၊ မြို့အဝင် ဟိုခိုတံတားအနီးတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်ကာ ဒေသခံ နှင့် အခြားဒေသမှ ဝင်ထွက်သွားလာသူများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကိုယ်အပူချိန် တိုင်းတားခြင်းများ၊ ကိုယ်ရေး ရာဇာဝင်များ စစ်ဆေးခြင်းနှင့် ခရီးသွားလာခွင့်ပြုသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ စည်းနှင့် လက်မှတ်ပါသည့် ခွင့်ပြုကတ်ပြားပါမှ သွားလာခွင့်ပေးခြင်း၊ မြို့တွင်း ဈေးဆိုင်၊ စားသောက်ဆိုင်ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ လိုက်နာမှုရှိမရှိ စစ်ဆေးပညာပေးခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ ကိုလည်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာစေရန် အခုဝယ်အခုတပ် စနစ်ဖြင့် ကြပ်မတ်စစ်ဆေး ခြင်းများ၊ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ စေရေးနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် နေ့စဉ်နိုင်ငံအတွင်း ကူးစက်နေမှု အခြေ အနေများကို လော်စပီကာဖြင့် အသိပညာပေးဆော်ဩမှုများ အချိန်နှင့်အမျှ ပူးပေါင်းကာ စုပေါင်းဆောင်ရွက် မှုများကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဒေသ မိုင်းယုမြို့သည့် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကင်းစင်နယ်မြေ ဖြစ်နေပါကြောင်း သိရသည်။
ကိုကိုနိုင် (ပြန်/ဆက်)