မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဘိမ်း   ဒီဇင်ဘာ  ၁၆    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် က တင်ဒါအောင်မြင်၍ လုပ်ငန်းများလုပ် ကိုင်ဆောင်ရွက်မည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အလုပ်သမားများ မြို့နယ်အတွင်းသို့ဝင်ရောက်မည်ဆိုပါက ရှမ်းပြည်နယ်မှသတ်မှတ်ထားသော လုပ်ငန်းများဆောင်ရွက်ရန်အတွက် ခေါ်ဆောင်မည့်လုပ်သား များနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များအား စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ ပုဂ္ဂလိကလုပ်ငန်းများဖြစ်ပါက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းရှင် များမှ စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် အုပ်ချုပ်မှုလျော့နည်းဖြစ် စဉ်များ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ စစ်ဆေးရေးဂိတ်တွင် ဖြေ လျော့ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် Quarantine Centre များတွင် အုပ်ချုပ်မှုနှင့် လုံခြုံရေးလုပ်ငန်းများ စနစ်တကျပူးပေါင်းဆောင်ရွက်သွားကြရန် စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင် များက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)