မိုင်းယောင်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာ မိန်းကလေးနှစ်ဦးသည် ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ ကိုဗစ်-၁၉ ယာယီဆေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူပြီးနောက် ယနေ့နံနက် (၁၀) နာရီခွဲအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းဆေးရုံဆင်းရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာတို့က သွားရောက်ပြီး အားပေးစကားများပြောကြားခဲ့ကာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး က ဆေးရုံဆင်းခွင့်ရသူသုံးဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ အတိုင်း နေထိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆေးရုံဆင်းခွင့်ရသူများကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က အသင်းပိုင်မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာ ရောက် လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။ ယင်းဆေးရုံဆင်းခွင့်ရသူများသည် ကျန်းမာရေးကောင်းမွန်ကြကာ မိမိတို့နေအိမ်တွင် Home Quarantine ခုနစ်ရက် ဆက်လက်နေကြရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ကိုဗစ်-၁၉ အတည်ပြုလူနာစတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အမျိုးသမီးသုံးဦးက ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြကာ ယနေ့၌ နောက်ထပ်အမျိုးသမီးနှစ်ဦး ထပ်မံဆေးရုံဆင်းခွင့် ပြုခဲ့ကြတာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)