ပန်းတနော် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ယင်းယိုကျေးရွာအုပ်စု စွတ္တမူကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွှန့်သိန်းမှ သင်တန်းအဖွင့် အမှာစကား ပြောကြားပြီး မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် နည်းစနစ်တကျ အကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင် က သင်တန်းစည်းကမ်းများနှင့် သင်တန်းအား အကျိုးရှိစွာ သင်ကြားကြရန် ဆွေနွေးပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ယင်းယိုကျေးရွာအုပ်အစုအတွင်းရှိ စွတ္တမူကျေးရွာ၊ သရောသာကျေးရွာ၊ မဿမံကျေးရွာနှင့် တင်းကုတ်ကြီး ကျေးရွာတို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)