တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးဆက်လက်ကောင်းနိုင်

မန္တလေး ဒီဇင်ဘာ ၁၆

ကိုဗစ် - ၁၉ ရောဂါကြောင့် ဖရဲသီးများ အစိုက်နည်းသဖြင့် တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး ၂ ဆနီးပါးရနေပြီး ၅ လပိုင်းကုန်ထိ ဈေးများ ဆက်လက်ကောင်း နိုင်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 "တရုတ်တွေက အရင်တုန်းက မြန်မာပြည်ထဲကို အများကြီးလာစိုက်တယ်။ အခုက ကိုဗစ် ကြောင့် တရုတ်တွေက လာမစိုက်ဘူးလေ။ နောက်ဗမာတိုင်းရင်းသား တောင်သူတွေကလည်း အရင်နှစ်က ရှုံးတဲ့အတွက်ကြောင့် ဒီနှစ်အစိုက်က နည်းသွားတယ်။ တစ်ဝက်လောက်ဘဲ စိုက်တော့တယ်။ အဲဒီအကြောင်း ၂ ကြောင်းကြောင့် စိုက်အားနည်းလို့ ထွက်အားနည်းတယ်။ ထွက်အားနည်းလို့ ဈေးကောင်းရတာ။ ဈေးကတော့ အနှစ် ၁၀၀ အတွင်းမှာ မရဘူးတဲ့ဈေးတွေ ရနေတာပေါ့။ ဈေးအင်မတန်ကောင်းတယ်လို့ ပြောလို့ရတာပေါ့။ မှန်ထားတဲ့နှုန်းထက်ကို တစ်ဝက်လောက် ပိုရတာပေါ့။ တရုတ်မှာလည်း ဒီအချိန်ဆို ၈ ဒီဂရီအောက်အေးတယ်လေ။ ဖရဲက ၈ ဒီဂရီအောက်အေးရင် စိုက်မရတော့ဘူး။ ၃၈ဒီဂရီအထက် ပူသွားရင် စိုက်လို့ မရတော့ ဘူး။ သူတို့ဆီမှာက ဒီအချိန်မှာ အေးတဲ့ရာသီတွေ ဖြစ်တဲ့အတွက် စိုက်လို့မရဘူး။ စိုက်လို့ မရတဲ့ အတွက် ဗမာပြည်က ဖရဲကို ဝယ်ရမှာ။ ၅လပိုင်းအကုန်ထိ ဝယ်ရမှာဖြစ်တော့ အဲထိ ဈေးကောင်း ရနေအုံးမှာပါ။ ၆လပိုင်း လဆန်း တစ်ရက်လောက်မှ သူတို့ဆီက ဖရဲပြန်ထွက်မယ်လေ။ " ဟု မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

ယခင်နှစ်များက ဖရဲသီးများကို တစ်နေ့လျှင် ၁၂ ဘီးယာဉ်အစီး ၅၀၀ နီးပါး နေ့စဉ်ပို့နေရာမှ ယခုနှှစ်တွင် တစ်နေ့လျှင် ၁၂ ဘီးယာဉ် အစီး ၅၀ မှ ၁၀၀ ကြားသာ နေ့စဉ်ပို့နေကြောင်း၊ ဖရဲသီး တင်ပို့ရာတွင် ဝမ်တိန်အရောက် ၁၂ ဘီးယာဉ်တစ်စီးလျှင် ပို့ဆောင်ခ ၁၄ သိန်းဝန်းကျင် ကုန်ကျ ကြောင်း၊ ၁၂ ဘီး ယာဉ်အစီးရေ ၁၀၀ ကျော်သွားပါက ဝမ်တိန်ကို ယာဉ်များအကုန်ဝင်နိုင်ရန် အခက်အခဲများ ရှိလာကြောင်း သိရသည်။

"ဒီနှစ်မှာက တောင်သူတွေ အကြိုက်လို့ ပြောရမှာပေါ့။ အခက်အခဲကတော့ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်က လူကြီးတွေ လုပ်ထားတာက ဖရဲရယ် သခွားရယ် ကြက်သွန်ရယ် အသား ငါးရယ် အတွက်က လိုင်းတစ်လိုင်း လုပ်ပေးထားတဲ့အတွက်ကြောင့် တစ်နေ့ကို ကားအစီး ၁၀၀ လောက်ကတော့ အခက်အခဲမရှိ ဝင်လို့ရတယ်။ ကားအစီးရေ ၁၀၀ ကျော်သွားပြီဆိုရင် အခက်အခဲရှိတယ်။ ကားတွေ အကုန်မဝင်နိုင်ဘူး။ ၁၀၀ကျော်သွားရင်တော့ ဝင်ဖို့ ခက်သွားပြီ။ ကားအစီးရေ ဒီထက်များမယ်ဆိုရင် ပိုပြီး အခက်ခဲက ရှိသွားပြီ။ " ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် 855 ဖရဲသီး တစ်တန်လျှင် ၉၀၀၀၀၀ ကျပ်မှ ၁၃၄၀၀၀၀ ကျပ် ဝန်းကျင်၊ ထျန့်ဝမ်ဖရဲသီး တစ်တန်လျှင် ၁၃၀၀၀၀၀ ကျပ်မှ ၁၄၄၀၀၀၀ ကျပ်ဝန်းကျင်၊ အစေ့ မဲ့ဖရဲသီး တစ်တန်လျှင် ၁၃၀၀၀၀၀ ကျပ်မှ ၁၅၀၀၀၀၀ ကျပ်ဝန်းကျင်၊ ဒုံးကျည်ဖရဲသီး တစ်တန်လျှင် ၅၀၀၀၀၀ ကျပ်မှ ၈၄၀၀၀၀ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်