ညောင်ဦး ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့နှင့် ငါ့သရောက် မြို့တို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ် ရောင်းချခြင်း၊ တဆင့်ယူပွဲစားများ နယ်ဝေးပို့ရောင်းချခြင်းဖြင့် အဆင်ပြေကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာကပြောကြားသည်။
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြိုနယ်နှင့် ငါ့သရောက်မြို့တွင် ထန်းပင်၊ ထန်တောအလွန်ပေါများကာ ထန်းတောင်သူရှားပါးလာခြင်းကြောင့် ထန်းပင်များထန်းလှီးမှု သိပ်မရှိတော့ဘဲ ထန်းသီးမှည့်ချိန်ဖြစ်သည့် တော်သလင်းလနှင့်သီ တင်းကျွတ်လတွင် ထန်းသီး မှည့်များ လိုက်လံကောက်ယူစုဆောင်းခြင်း၊ ထန်းသီးမနုမရင့်အချိန်တွင် ထန်းသီးများ တက်ခုတ် ကာ နွားစာအတွက်စဉ်းကျွေးပြီး ထန်းသီးရင့်လျှင် ထန်းသီးဆံ (အစေ့) ရင့်ခြင်းကြောင့် ပျိုးထောင်၍ရခြင်း၊ ထန်းသီးနုလျှင်နွားစာအဖြစ် အသုံးပြုခြင်းနှင့် ထန်းသီးဆံအရင့်အား ခွဲကာ အပုပ်စိမ်၍ နွားများတိုက်ကျွေးလျှင် အာဟာရဓာတ်ကြွယ်ဝခြင်းကြောင့် စဉ့်အိုး များနှင့် စိမ်ထားကြပြီးနွားစာနှင့် ရောကျွေးကြောင်း ငါ့သရောက်မြို့ကုလားတဲကျေးရွာ ဦးသန်းထိုက်မှပြောကြား သည်။ ထန်းသီးဆန်(အစေ့) အား ထန်းပင်မြစ်ဖြစ်စေရန်ပျိုးထောင်ရာတွင် သဲဆန်သည့်မြေအား ရွေးချယ်ကာ အပင်မှထန်းသီးမှည့်ချိန် ကောက်ယူထားသည့် ထန်းသီးအလုံးလိုက်စုပုံကာ မြေသားအုပ်ပေးခြင်း၊ ထန်းသီးအားနွားစာစဉ်းကျွေးရာမှ ထန်းသီးဆံများ စုဆောင်းထားကာ ထန်းပင်မြစ်အတွက် ပျိုးထောင်ကာ နတ်တော်လ၊ပြာသိုလတွင် ထန်းပင်မြစ်အဖြစ်ရောက်ရှိကာ ထန်းပင်မြစ် ရင့်ချိန်တွင် တူးဖော်ရောင်းချကြကြောင်း သိရသည်။
ထန်းပင်မြစ်များ တူးဖော်ရောင်းချချိန် ကျောက်ပန်းတောင်းမြို့မှပွဲစားများ ငါ့သရောက်မြို့ ထန်းပင်မြစ်ပျိုးထောင်သည့် နေရာများ အထိ လာရောက်ဝယ်ယူကြကာ အခြားမြို့များသို့ ပြန်လည်တင်ပို့ ရောင်းချကြကြောင်း သိရသည်။ ထန်းပင်မြစ် ၂၅ ချောင်း တစ်စီးလျှင် ငါးရာကျပ် ဖောက်သည်ဈေးဖြင့် ရောင်းချပေးကြောင်းနှင့် ပြန်လည်ရောင်းချပါက ၂၅ ချောင်းတစ်စီး တစ်ထောင် ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ထန်းပင်မြစ်များအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များသို့ ပြန်လည် တင်ပို့ရကြောင်း ကျောက်ပန်းတောင်းမြို့မှ ထန်းပင်မြစ်ပွဲစား ဒေါ်နှင်းရီထံကသိရသည်။ ထန်းပင်မြစ် ပျိုးထောင်ရောင်းချရာတွင် အရင်းအနှီးမလိုဘဲ လုပ်အားသာလိုအပ်ကြောင်း နတ်တော်၊ ပြာသို လများတွင် ထန်းပင်မြစ် လှိုင်လှိုင်ပေါ်သည့်လများဖြစ်ကာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကျောက်ပန်းတောင်းမြို့များသည် ထန်းပင်မြစ် အမြောက်အများ ထွက်ရှိသည့်ဒေသများဖြစ်ကြောင်း ဦးအောင်ဆန်းက ပြောကြား ခဲ့သည်။
ကိုထိန်၊KPD