ကော့သောင်း ဒီဇင်ဘာ ၁၆
အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်းခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်ငါးမျှားသည့် ထိုင်းနိုင်ငံ အပျော်တမ်းငါးမျှား လှေပေါ်ပါ ထိုင်းနိုင်ငံသား ၂၀ ဦးအား ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံတာဝန်ရှိ အဖွဲ့အစည်းများထံ ကော့သောင်းမြို့၊ မြို့မဆိပ်ကမ်း တံတားမှတဆင့် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ Polaris Ranong ကုမ္ပဏီပိုင် Polaris One အမည်ရှိ အပျော်တမ်း ငါးမျှားလှေသည် လှေလုပ်သား ထိုင်းနိုင်ငံသားခြောက်ဦး၊ မြန်မာနိုင်ငံသားနှစ်ဦးနှင့် အပျော်တမ်းငါးမျှားရန် လိုက်ပါလာသူ တရုတ်နိုင်ငံသားတစ်ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦး၊ စုစုပေါင်း ၂၄ ဦးဖြင့် အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း ခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက် ငါးမျှားသဖြင့် ပင်လယ်ပြင်လုံခြုံရေး မြန်မာ့တပ်မတော်(ရေ)မှ ထိန်းသိမ်းကာ လွန်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကော့သောင်းခရိုင် တာဝန်ရှိအဖွဲ့အစည်းများသို့ လာရောက် အပ်နှံခဲ့ရာ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ အထက(၁)ကျောင်း Quarantine Center တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့သည်။
ယင်းနောက် အဆိုပါလှေပေါ်ပါ ထိုင်းနိုင်ငံသား လှေပဲ့နင်းတစ်ဦး၊ လက်ထောက်ပဲ့နင်းတစ်ဦး နှင့်လှေလုပ်သား မြန်မာ ၂ ဦးအား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ထားရှိပြီး ကျန်အပျော်တမ်း ငါးမျှားရန် လိုက်ပါလာသူ ဧည့်သည် တရုတ်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား ၁၉ ဦးအား နှစ်နိုင်ငံ ချစ်ကြည်ရေး ရှေ့ရှုကာ မြန်မာနိုင်ငံ ကော့သောင်းခရိုင်တာဝန်ရှိ အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသအာဏာပိုင်အဖွဲ့စည်းများမှ တာဝန်ရှိသူ များထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လိုက်ပါလာသည့် ငါးမျှားလှေအား ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနတွင် ဆက်လက် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)