မယ်စဲ့ ဒီဇင်ဘာ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ယမန်နေ့က လမ်းဆုံကျေးရွာနှင့် ဟိုဂျစ်ကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးဆော်ပရေးရယ်က ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိ လိုအပ်ချက်များကို ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာ များ၏ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ကျေးရွာများ မှ ရွေးချယ်ထားသည့် လုပ်ငန်းများကို မြို့နယ်အဆင့်ဌာန အသီးသီး၏ ဖွံ့ဖြိုးရေးအစဉ် များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ စီမံကိန်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းခဲ့သည်။
ထို့နောက်တက်ရောက်လာကြသူများက ၎င်းကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း နှင့် ကဏ္ဍအသီးသီးအတွက် ရရှိလာသော ဖွံ့ဖြိုးရေးရန်ပုံငွေများကို စီမံခန့်ခွဲပေးရန်အတွက် ကျေးရွာ ဖွံ့ဖြိုးရေး ကော်တီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)