နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်

နမ္မတူ ဒီဇင်ဘာ ၁၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူ မြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့နေ့လည် (၁)နာရီအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာရှိ ရွှေစကားဝါမြေ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်၊ ပိန်းထွမ်ကျေးရွာ၊ နမ့်တောင်ကုန်းကျေးရွာအုပ်စုရှိ နားကျဲ၊ နားကျိုင်းကျေးရွာ၊ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာများမှ ယာယီတိုက်ပွဲရှောင်အိမ်ထောင်စု  (၁၁၃)စုမှ ကျား (၁၁၇)ဦး၊ မ (၂၂၂)ဦး၊ စုစုပေါင်းလူဦးရေ (၃၃၉)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၁၁၉၀၀) အား ယာယီတိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)