ဒီးမော့ဆို ဒီဇင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးယူနစ် ဆောင်ရွက်ရန် ရွေးချယ်ထားပြီး အဆိုပါ ကျေးရွာများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက လွီးကထိကျေးရွာနှင့် ဒေါဆီးအီကျေးရွာ တို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု က စီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကြောင်းအရာများ၊ စီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာပြည်သူလူထု အတွက်ရရှိလာမည့် အကျိုးကျေးဇူးများကို ချပြရှင်းလင်း ပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ကျေးရွာအလိုက် ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၂၁ ရွာ တွင် ရန်ပုံငွေကျပ် ၄၈၀ သန်း(တစ်ယူနစ်လျှင် ငွေကျပ် ၃၀ သန်းဖြင့် ယူနစ်ပေါင်း ၁၆ ယူနစ်)ဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ၊ မိသားစုဝင်ငွေများ တိုးပွားလာစေရန် နှင့် ဆင်းရဲမှုနှုန်းကို လျော့ချနိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူလူထုများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည် တိုးတက် လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်ပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်း များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာသုံးရွာဖြစ်သော အို့ခူးရီ၊ လွီးကထိနှင့် ဒေါဆီးအီကျေးရွာ တို့တွင် စီမံကိန်းရန်ပုံငွေကျပ် ၉၀၀ သိန်း(တစ်ရွာလျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)