ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနိုင် က ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အဓိကအခွင့်အရေး (၄)ရပ်နှင့် တာဝန်(၃)ရပ်ကို ဆက်စပ်နှီးနွယ်သည့် ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေနဲ့သာမက စေတနာရှင် ပြည်သူလူထုနဲ့လည်း ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်ခင်မြင့် က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ ကလေးသူငယ်များအားလုံး အနာဂါတ်တွင် နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက် နိုင်ရေးအတွက် ဥပဒေမူဝါဒများ၊ လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)