မိုင်းတုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် (၂၄)နာရီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့ ညနေ (၆)နာရီအထိ ဖြတ်သန်းသွားလာသောကား (၆၆) စီးမှခရီးသွားပြည်သူ( ၁၂၁)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ချက်ပါရှိ၊ မပါရှိစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၉)နာရီထိ အလှည့်ကျတာဝန်ချစနစ်ဖြင့် စောင့်ကြည့်ပြီး မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များမှာ (၂၄)နာရီလုံးတာဝန်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)