မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရန် လိုက်လံစစ်ဆေးရေး၊ ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ များတွင် ချက်(စ်)ကျောင်းများ၌ ဝတ်ပြုဆုတောင်းပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက် SOPနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရေး၊ ချက်(စ်)ကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ရာတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရေး၊  နေအိမ်ပြင်ပထွက်သွားလာပါက Mask တပ်ဆင်သွားရေး စစ်ဆေးဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။

မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် နေ့စဉ် တာဝန်ခွဲဝေချထားမှု အခြေအနေများနှင့် နေ့လည်စာစီစဉ်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသောမြို့နယ်များမှ ဝင်ရောလာသူများအား Facility Quarantine ထားရှိမှု အခြေအနေများနှင့် Swab နမူနာများ ရယူစစ်ဆေးမှုအခြေအနေများကိုလည်းကောင်း၊ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးရန်၊ လေယာဉ်ခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား Hotel Quarantine ထားရှိရေး စသည့်အချက်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)