မြိတ် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရန်ကုန်မှ လေကြောင်းခရီးစဉ်နှင့် မော်တော်ကားလမ်းဖြင့် လာရောက်ကြသည့် နေရပ်ပြန် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ၎င်းတို့၏ ဆန္ဒအတိုင်း Facility Quarantine နှင့် Hotel Quarantine စနစ်တကျထားရှိပြီး ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
“ ရန်ကုန်ပြန် ဒေသခံတွေကို Facility Quarantine နှင့် Hotel Quarantine နှစ်နေရာ စီစဉ် ထားပါတယ်။ Facility Quarantine ကို အိုးအိမ်ဦးစီးဌာန အဆောက်အဦမှာ စီစဉ်ထားပြီး Hotel Quarantine ကို ဟိုတယ်(၄) လုံး စီစဉ်ထားပါတယ်။ ဒီနေ့လေယာဉ် ခရီးစဉ် စတင်တာပါ။ နောက်ရက်တွေလည်းပဲ လာကြမယ်လို့ကြားထားပါတယ်။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ပြင်ဆင်မှုတွေ စနစ်တကျ ဆောင်ရွက် ထားပါတယ်” ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
ရန်ကုန်မှမြိတ်သို့ လာရောက်ကြသူများအားလုံးကို Quarantine စနစ်တကျထားရှိပြီး ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နိုင်ရန် အတွက် လေယာဉ်ခရီးစဉ်နှင့် မော်တော်ကားလမ်းဖြင့် လာရောက်ကြသည့် နေရပ်ပြန်ပြည်သူများအား ၄င်းတို့၏ ဆန္ဒအတိုင်း Facility Quarantine နှင့် Hotel Quarantine နေထိုင်ရန်၊ Hotel Quarantine ကို မိမိအစီအစဉ်ဖြင့် နေထိုင်ရန်၊ Facility Quarantine နေထိုင်သူများ စားသောက်စရိတ် တစ်နေ့လျှင် (၃၄၀၀) ကျပ် ပေးဆောင် ကြရန်၊ နေရပ်ပြန်များ ဓာတ်ခွဲနမူနာ ရယူမည့် အစီအမံများကို ခရိုင်/မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဒီဇင်ဘာလ (၁၅)ရက် နေ့လယ်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
“ ရန်ကုန်မှ မြိတ်ကို လေယာဉ်နဲ့လာရင် Quarantine (၇) ရက် ဝင်ရမယ်။ ဓါတ်ခွဲနမူနာ(၁)ကြိမ် ထပ်ယူရမယ်။ ကားလမ်းဆိုရင် Quarantine (၁၄) ရက် ဝင်ရမယ်။ ဓါတ်ခွဲနမူနာ (၂) ကြိမ် ယူရမယ်။ လေယာဉ်နဲ့ဆိုရင် ကျန်းမာရေး စစ်ဆေးချက်ပါမှ လေယာဉ် ပေါ်တက်လို့ရတယ်။ ကားလမ်းနဲ့က ကျန်းမာရေးစစ်ဆေးချက် ပါပါ မပါပါ လာလို့ရတယ်။ ဒါကြောင့် ဒီမှာ (၂) ခါ စစ်ဆေးတယ်။ လေယာဉ်နဲ့လာတဲ့သူတွေက တစ်ကြိမ်စစ်ဆေးပြီးလို့ နောက်တစ်ကြိမ် စစ်ဆေးတာပါ။ စစ်ဆေးသည့် ကုန်ကျငွေ တစ်သောင်းကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်” ဟု ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လွင်လွင်မွန် က ပြောသည်။
ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ဒီဇင်ဘာလ (၁၆) ရက် နံနက်ပိုင်းက ရောက်ရှိ လာကြသူများအား ၎င်းတို့၏ ဆန္ဒအတိုင်း Quarantine နေရာများတွင် မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လူမှုရေး အဖွဲ့အစည်းများ ကူညီမှုဖြင့် စနစ်တကျ ပို့ဆောင်ခဲ့ကြသည်။ မြိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ဒီဇင်ဘာလ(၁၅)ရက်နေ့စာရင်းအရ Facility Quarantine စခန်း(၆)နေရာတွင် ပြည်သူ (၂၀၃) ဦးနှင့် Hotel(၂)လုံးတွင် Quarantine နေထိုင်သည့် ပြည်သူ(၁၆)ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)