မိုးမိတ်မြို့၌ ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်

မိုးမိတ်  ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ များ အား မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နရီခွဲ အချိန်က စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် က မိုးမိတ်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံပြီး စီပွားရေးကိုဖော်ဆောင်နေသော မြို့ဖြစ်သည်နှင့် မိုးသီးနှံ၊ ဆောင်းသီးနှံ  စိုက်ပျိုးသည်နှင့်အညီ မျိုးစေ့ထုတ်တောင်သူများအသင်း တည်ထောင်ထားသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ် ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ် (CERP) အရ မိုးစပါး  RS-CS မျိုးစေ့ထုတ် တောင်သူများအား အဆင်ပြေစေရန်အတွက် ထောက်ပံ့မှုများကို ဆောင်ရွက် ပေးခဲ့ပြီးဖြစ်သလို ယနေ့တွင်လည်း ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင် တောင်သူများအား ဂျစ်ပဆန် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုး က မိုးမိတ်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဆောင်ရွက်သည့် မြို့နယ်ဖြစ်ပါတယ် တောင်သူလယ်သမား  အကျိုးစီးပွားမြှင့်တင်ရေးကို အဓိကထားဆောင်ရွက်ပြီး မိရိုးဖလာစိုက်နည်းစနစ်တွေ မဟုတ်ဘဲနဲ့  ဆန်းသစ်လာတဲ့နည်းပညာများနှင့်အညီ စံပြကွက်များ စမ်းသပ်ကွက် စိုက်ပျိုးခြင်း  အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပြီး သတင်းမီဒီယာတွေမှာလည်း အပလီကေးရှင်း တွေဖွင့်ပြီး အိုင်တီနည်း ပညာများဖြင့်လည်း အလွယ်တကူ လေ့လာနိုင်ရေးကို ဆောင်ရွက်ထားရှိပါတယ် စိုက်ပျိုးရေး ကဏ္ဍများကိုလည်း သိရှိလိုပါက မိမိတို့ရုံးရှိ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မိမိတို့ကို  ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆောင်းသီးနှံစံပြကွက် စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မတက် ရောက်နိုင်သည့် တောင်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

မိုးမိတ်သား(စည်သူဌေး)