သိင်္ဂီရွှေစင်ရက်ကန်း ကုန်ထုတ်သမဝါယမအသင်း ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၊ အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါ ကာလ အခြေခံ စားသောက်ကုန် သုံးမျိုးထောက်ပံ့ပေးအပ်

သာစည် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး    သာစည်မြို့နယ်တွင် သိင်္ဂီရွှေစင် ရက်ကန်းကုန်ထုတ်   သမဝါယမ အသင်း၏ ၂၀၁၉/၂၀၂၀ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသား ၂၈၀ တို့အား ကိုဗစ် − ၁၉ ရောဂါကာလ အခြေခံစားသောက်ကုန်သုံးမျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်း စုပေါင်းခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ၂၀၁၉/၂၀၂၀ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပရာ သဘာပတိအသင်းဥက္ကဋ္ဌ  

ဦးလွင်အောင်ကျော်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထွန်းဦးတို့က အမှာ စကားများ ပြောကြားသည်။ ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အသင်းသားများ၏သားသမီးများအား ပညာရည်ချွန်ဆုများပေးအပ်သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ်    ဘဏ္ဍာရေးနှစ်  နှစ်ချုပ်စာရင်းများကို အသင်းသားအမှုဆောင် ဦးကြီးညိုက ဖတ်ကြားပြီး သဘာပတိက အသင်းသားများထံမှ အတည်ပြုချက်ရယူသည်။ ၎င်းနောက် ကိုဗစ် − ၁၉ ရောဂါကာလ  အခြေခံစားသောက်ကုန်သုံးမျိုး ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ရာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဝင်းမြင့်မောင်၊ အသင်းဥက္ကဋ္ဌနှင့် အသင်းသား အမှုဆောင်များက အသင်းသား ၂၈၀ ဦးတို့အား  တစ်ဦးလျှင် ဆန်ခြောက်ပြည်၊ ဆီငါးဆယ်သား နှင့် ကြက်သွန်နှစ်ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ထောက်ပံ့ပေးအပ်ပွဲကို ကိုဗစ် − ၁၉ ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အသင်းသား အမှုဆောင်များနှင့် အသင်း သားများ စုစုပေါင်း ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)