ကျောက်မဲ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အ-ထ-က ၃ တွင် Quarantine Center တွင်ထားသော မန္တလေးပြန် အသက် ၆၁နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ၎င်း၏အမျိုးသား မောင်းနှင်သည့် ကုန်တင်ကားဖြင့် မန္တလေးမှ ကျောက်မဲသို့ ပြန်လာပြီး ကျောက်မဲမြို့ရှိ အ-ထ-က ၃ ကျောင်းရှိ Quarantine Center ၌ ဒီဇင်ဘာ ၆ ရက်နေ့က ဝင်ရောက်နေထိုင်ခဲ့သည်။ ယင်းအမျိုးသမီးအား ပထမအကြိမ် RTD Test Kit ဖြင့် စစ်ဆေးစဉ်က ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်အဖြစ် ၎င်း၏ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူ၍ မူဆယ်သို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပေးပို့စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်သို့ ယမန်နေ့က ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ယာဉ်မောင်း၊ မြို့အဝင်မှစ၍ ယာဉ်အားအစားထိုးမောင်းနှင်ပေးသူ၊ ယာဉ်မှကုန်များအား လိုက်ချပေးသူများအပါအဝင် ထိတွေ့မှုရှိခဲ့သည့် လူပေါင်း ၁၅ ဦးကိုလဲ အသွားအလာ ကန့်သတ်ထားပြီး အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စီးနင်းလာသည့်ကားမှ ကုန်စည်များသွားရောက်ချပေးသည့် ဆိုင်များကိုလည်း ယာယီပိတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလ စတင်စဉ်ကတည်းကစ၍ ကျောက်မဲတွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၅ ဦး ရှိခဲ့ပြီဖြစ်ပြီး ၁၃ ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားရပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)