မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု အခွင့်အာဏာထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအခွင့်အာဏာထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း  ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲနေ့များတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၌ လူ(၃၀)ဦးထက်မပိုစေပဲ ဝတ်ပြုဆုတောင်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ  ဆက်မပြတ်ဆောင်ရွက်ရေး၊ ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် စနစ်တကျပူးပေါင်း ကြပ်မတ်ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဌာန ဆိုင်ရာများအနေဖြင့် အခြားဒေသမှအလုပ်သမားများရောက်ရှိလာပါက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ သတင်းပေးပို့ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုက  သက်ဆိုင်ရာဘာသာရေးအသင်းအဖွဲ့ များအား ခေါ်ယူတွေ့ဆုံပြီး အသိပေးရှင်းလင်းဆွေးနွေး၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့်  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဝင်များနှင့် မြို့မိ/မြို့ဖများက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှောလမွန်(ပြန်/ဆက်)