နမ့်ဆန် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က ဒေသဦးစီးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်၊ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်တို့က နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအချိန်အတွင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ တက်ကြွလူငယ် များတို့က ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးမှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ရာ အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ကူညီပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ တက်ကြွလူငယ်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့ကို အထူးကျေးဇူးတင် ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် နမ့်ဆန်မှာ ပိုးတွေ့လူနာရှိလာတဲ့အချိန်တွင် အားလုံးရဲ့ပူးပေါင်းပါဝင်မှုကြောင့် ၎င်းတို့နှင့်ထိတွေ့ထားသူများကို စောင့်ကြပ်ကြည့်ရှုရေးစခန်း တွင် အချိန်မီပို့ဆောင်ပြီး ထိန်းချုပ်နိုင်ခဲ့သည်။ ပိုးတွေ့လူနာတွေကိုလည်း အရေးပေါ် ကိုဗစ်ကုသသည့် ဆေးရုံဖွင့်လှစ်ပြီး ဆေးကုသမှုများကိုလုပ်ဆောင်ရာ အခုဆိုရင် ကိုဗစ်-၁၉ ရောဂါကို နောက်ထပ်ကူးစက်မှုမရှိအောင် ထိန်းချုပ်နေနိုင်ပါပြီ။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေသည့် ကာလမှာ ဆိုင်ပေါင်း(၅၀)ကျော်ကို အရေးပေါ်ပိတ်လိုက်ရပြီး ဒေသခံမိဘပြည်သူများတို့လဲ လူမှုစီးပွားရေးတွေ ထိခိုက်မှုများ ရှိလာခဲ့တယ်။ ဒါကြောင့်မို့ ကိုဗစ်-၁၉ ရောဂါသည် ရောဂါ ဖြစ်ပွားပြီးမှသာ ကာကွယ်ထိန်းချုပ်ကုသသည့် လုပ်ငန်းဆောင်ရွက်ခြင်းထက် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ တိတိကျကျနဲ့ဆောင်ရွက်ဖို့လိုအပ်ပြီး အဓိကက ယခုကာလမှာ ကျတော်တို့မြို့နယ်မှာ နောက်ထပ် ရောဂါကူးစက်မှုများ မဖြစ်ပွားစေဖို့ ရေရှည်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မြို့နယ်အဝင်၊ အထွက် စစ်ဆေးရေးဂိတ်တွင် စနစ်တကျစစ်ဆေးခြင်း လုပ်ငန်းများ၊ အသွားအလာကန့်သတ်စစ်ဆေးခြင်းလုပ်ငန်းကို ဒေသတာဝန်ရှိလူကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာများအပါအဝင် မြို့ယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ဖို့လိုကြောင်း၊ ဒါ့အပြင် ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ပေးသည့်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများတွေကို ဂုဏ်ပြု ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရ မည့် အစီအမံများကို ရှင်းလင်းတင်ပြကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ပေးကြသော မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လောကပါလလူမှုကူညီရေးအသင်း၊ တက်ကြွ လူငယ်အဖွဲ့နှင့် ကာလဒါနလူမှုကူညီရေးအသင်းသား များတို့ကို ဒေသဦးစီးအဖွဲ့နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)