အိမ်မဲမြို့နယ်တွင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စကားဝိုင်းပြုလုပ်

အိမ်မဲ  ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အင်းမကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်ကျင်းပသော မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စကားဝိုင်းကို ယနေ့ နံနက် ၁၀  နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစကားဝိုင်းတွင် အင်းမကျေးလက် ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်မာစန်းက ''မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မိခင်နှင့်ကလေး သေနှုန်းနှင့်လက်ရှိ အင်းမ ကျန်းမာရေး ဌာနအတွင်းရှိ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာအချက်များ" သားဖွားဆရာမ ဒေါ်စန်းစန်းသိန်းနှင့် ဒေါ်အိအိခိုင်တို့က "ကိုယ်ဝန်ဆောင်မိခင်၏ အန္တရာယ်လက္ခဏာများ၊ ကလေး သေဆုံးရခြင်းအကြောင်း"၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်မြသက်ဖြူက "မြို့နယ်အတွင်း မိခင်များ သေဆုံးရခြင်း အကြောင်း" World Vision Einme မှ ဦးလင်းသူက " World Vision မှ မိခင်နှင့် ကလေးအတွက် ထောက်ပံ့ပေးမှုအကြောင်း" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ဟောပြောခဲ့ ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေး မြှင့်တင်သူများအဖွဲ့၊ အရံသားဖွားဆရာမများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန် ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက် ပြန်လည်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကျန်းမာရေးအသိပညာပေး စကားဝိုင်းများကို ပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)