တံတားဦး ဒီဇင်ဘာ ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Face shield နှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တံတားဦး မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် ဝန်ထမ်းများက Face shield (၅၀၀) ခုနှင့် Mask (၅၀၀) ခုတို့အား ဈေးရောင်း၊ ဈေးဝယ်များကို အခမဲ့ဖြန့်ဝေပေးကြပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ အကြောင်းကို Hand Speaker ဖြင့် မြို့မဈေး အတွင်း လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်ပြီး အရေးကြီးကာလဖြစ်သည်နှင့်အညီ ဒေသခံပြည်သူများ အဆိုပါရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို စနစ်တကျ သိရှိလိုက်နာ ဆောင်ရွက်ရေး၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်၍ အပြင်သို့သွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာစနစ်ဖြင့် စကား ပြောဆိုခြင်း၊ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ လူစုလူဝေး မပြုလုပ်ကြရန် လိုအပ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦး၏ ပြောကြားချက်များအရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)