ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်း(၁)ဦးထံ၌ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၀)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၁၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၄ ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အောင်မြေသာဇံမြို့နယ် ၁၉ လမ်း၊ မင်းတဲအီကင်းရပ်ကွက် အကွက်(၉၈)၌ နေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း(၁)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း(ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနှင့် အတူပါလာသော ယာဉ်နောက်လိုက်(၁)ဦးအား ရွှေကူမြို့  အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား RDT (Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၄၀)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၂၆) ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)