ဇေယျာသီရိ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်စစ်ဆေးရေး အဖွဲ့များက ယနေ့ နံနက်ပိုင်းမှ စတင်ကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဗလဟိန်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စားသောက်ဆိုင်တွင် ပြင်ဆင် ထားရှိရမည့် အချက်များ၊ စားသောက်ဆိုင်များမှ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များဖြင့် ဇေယျာသီရိမြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ၁၆ ရက်နေ့အထိ စုစုပေါင်း (၂၈) ဆိုင်ကို စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးချက် (A) အဆင့် ရရှိသော စားသောက်ဆိုင် (၂၄) ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)