ဝါးခယ်မ၊ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂/၄) ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှုမှာ ရာခိုင်နှုန်း ပြည့်ပြီးစီးနေပြီဖြစ်၍ တံတားခံနိုင်ဝန် စမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာ (၁၆) ရက်၊ နံနက် (၁၀) နာရီတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းသပ်စစ်ဆေးရာတွင် တံတားပေါ်၌ မီတာ (၉၀) အကျယ်ရှိသော အခန်းတွင် တန် (၂၀) အလေးချိန်ရှိသော (၁၀) ဘီးကားရှစ်စီးဖြင့် တံတား၏ ခံနိုင်ဝန်ကို သိရှိရန် တံတား၏ ကွေးညွတ်မှုကို တိုင်းတာခြင်း၊ သံမဏိသံပေါင်များ အတွင်းရှိ ခံနိုင်စွမ်းအား တိုင်းတာခြင်း သိရှိရန်အတွက် Static Load Test ဆောင်ရွက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းမြနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပြီး တိုင်းတာတွက်ချက်မှုအရ ထွက်ရှိလာ သော ရလဒ်များမှာ သတ်မှတ်ချက် အတွင်းရရှိသဖြင့် တံတားအား Fit for Service အဖြစ် သတ်မှတ်ကြောင်း သိရသည်။
အဆိုပါ တံတားသည် အရှည် (၇၂၀) မီတာ၊ အကျယ်မှာ (၉ ဒသမ ၅) မီတာရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာစီ ပါဝင်သော နှစ်လမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ (၉၀) အရှည် ရှိသည့် သံမဏိသံပေါင် ခုံးတံတား အမျိုးအစားဖြစ်ပြီး အောက်ထည် နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ်တံတား များအား မီတာ (၃၀) အရှည်ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မများဖြင့် တည်ဆောက်ထားကြောင်း၊ တံတားခံနိုင်ဝန်မှာ တန် (၆၀)၊ ရေလမ်းကင်းလွတ် အမြင့်ပေ (၄၀) နှင့် အကျယ်ပေ (၂၄၀) ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)