လယ်ဝေးမြို့တွင် မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ် ပြသခြင်း ဆောင်ရွက်

လယ်ဝေး    ဒီဇင်ဘာ    ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိ ပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် လက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့ နံနက်(၁၀) နာရီက လယ်ဝေး မြို့နယ် စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇေယျာဝေက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြော ပြီး  ဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် အရေးပေါ် ဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးအဖွဲ့၊ ပစ္စည်း ရွှေ့ပြောင်းရေးအဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့(၃)ဖွဲ့ခွဲ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် မီးသတ် ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းမြင့်က ဌာနဝန်းအတွင်း ရေရရှိရေးနှင့် မီးသတ်ဆေးဘူးအား ဝန်ထမ်းတိုင်းအသုံးပြု တတ်စေရေးတို့အတွက် ရှင်းလင်းပြောကြားကာ  မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်မှုတွင် မြို့နယ်စည်ပင်သာယာရေးရုံး ဝန်ထမ်းများကိုယ်တိုင် မီးငြှိမ်းသတ်စေရန် လက်တွေ့ သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)