ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဟားခါး  ဒီဇင်ဘာ  ၁၇

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေး (သို့မဟုတ်) ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု၊ ယောင်္ကျားပီသခြင်း၊ မိန်းမပီသခြင်း အယူအဆများအရ ကျင့်သုံးမှုများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ချင်းအမျိုးသမီးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ် ခင်သူဇာက အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေး (သို့မဟုတ်) ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု၊ ယောင်္ကျားပီသခြင်း၊မိန်းမပီသခြင်း အယူအဆများ အရကျင့်သုံးမှုများ (Gender) အကြောင်းများနှင့် ပတ်သက်၍လည်းကောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW) တွင် မြန်မာနိုင်ငံစတင်ပါဝင်လာမှုများနှင့် ၎င်းစာချုပ်တွင် ပါဝင်သည့် အကြောင်းအရာများ၊ လူမှုဝန်ထဦးစီးဌာနမှ ဖွဲ့စည်းသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီးနောက် (Gender)၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ Video Clip ကို ပြသပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက ရှင်းလင်းဆွေးနွေးချက်များအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ် ခင်သူဇာကပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)