သရက်ချောင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်ရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောင့်ပုံတောင်ပေါ်၌ သမုတ်သိမ် ပြုပြင်ခြင်းအတွက် အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ပရဝုဏ်အတွင်း ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလ ခံယူပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ကျောက်မြောင်း တောင်သစ်ကျောင်း ပဓာနနာယက ဆရာတော်ဥူးအာစာရနှင့်ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက သတ်မှတ်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက် သည်နှင့်တပြိုင်နက် ရတနာအုတ်မြစ်တော်များကို စီခဲ့ပြီး ဆရာတော်၊ သံဃာတော်များက ဇယန္တော အစရှိသော ဂါထာတော်များဖြင့် ပူဇော်ကာ အမွှေးနံ့သာ ရေများ ပက်ဖြန်းခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်ရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောင့်ပုံတောင်ပေါ်၌ ယခင် သမုတ်သိမ်အား အလျား ၂၄ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေဖြင့် တိုးချဲ့၍ ပြန်လည် မွမ်းမံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)