မယ်စဲ့မြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးနှင့် Quarantine Centre (၂)ခုမှ အသွား အလာကန့်သတ်ထားသူများ သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်ပြန်ခွင့်ရ

မယ်စဲ့ ဒီဇင်ဘာ ၁၇                                                   

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပထမဆုံး ကိုဗစ် အတည်ပြုလူနာတစ်ဦးနှင့် မြို့နယ်အားကစားရုံ၊ မြို့နယ်ခန်းမ Quarantine Centre တို့တွင် အသွားအလာ ကန့်သတ် ထားသူ (၆)ဦး၊ စုစုပေါင်း (၇)ဦးသည် သတ်မှတ်ကာလ (၁၄)ရက်ပြည့်မြောက်သဖြင့် ယမန်​နေ့က ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး (၁)ဦး၊ မြို့နယ် ခန်းမ Quarantine Centre တွင် အမျိုးသမီး (၃)ဦး၊ မြို့နယ်အားကစားရုံ Quarantine Centre တွင် အမျိုးသား(၃)ဦး၊ စုစုပေါင်း (၇)ဦးသည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရာ သတ်မှတ် ကာလပြည့်မြောက်၍ ကျန်းမာရေးကောင်းမွန်သဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ကျန်းမာရေးထောက်ခံချက်များ ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မိမိတို့နေအိမ်များတွင် (၇)ရက် အသွားအလာကန့်သတ်နေထိုင်ကြရန် မှာကြားပြီးနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်ဖြင့် ဖရူဆိုမြို့နယ်၊ ဘီယာကျေးရွာရှိ ၎င်းတို့၏ နေအိမ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

ဝတ်ရည်(ပြန်/ဆက်)