ကော့သောင်း ဒီဇင်ဘာ ၁၇
မြို့ခံပရဟိအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ယမန်နေ့ ညနေပိုင်းက ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး ကော့သောင်းမြို့အဝင် ၁၂ မိုင်စစ်ဆေးရေးဂိတ် ပတ်ဝန်းကျင်တစ်ဝိုက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့သို့ လာရောက်ကြသည့် မော်တော်ယာဉ်များ၊ ခရီးသည်များအား မြို့တွင်းသို့ မဝင်ရောက်မီ ရောဂါထိန်းချုပ်နိုင်ရေး အဆိုပါစစ်ဆေးရေးဂိတ်တွင် အဓိက စစ်ဆေးရာနေရာဖြစ်ပြီး မြို့စည်ပင်သာယာရေးအဖွဲ့ဖြင့် အလှမ်းကွာဝေးရာနေရာဖြစ်၍ နေ့စဉ် ဝင်ထွက်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များခရီးသည်များ စွန့်ပစ်သည့်အမှိုက်များ၊ အခြားစွန့်ပစ်ပစ္စည်းမျိုးစုံ တစ်နေ့တစ်ခြား များပြားစုပုံလျက်ရှိသဖြင့် မလိုလားအပ်သည့် အခြားကူးစက်ရောဂါများ ထပ်မံမဖြစ်ပွားရေး ရည်ရွယ်ကာ အမှိုက်များ လိုက်လံ သိမ်းဆည်းပြီး မော်တော်ယာဉ်များဖြင့် သတ်မှတ် အမှိုက်စွန့်ပစ်နေရာများသို့ စနစ်တကျစွန့်ပစ်ခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု အတွက် အန္တရာယ် ရှိသည့် အသုံးပြုပြီး PPE ဝတ်စုံများ၊ Mask များနှင့် အခြားစွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး ရှင်းလင်းပေးခြင်း စသည့်လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)