သီပေါ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး လှည့်လည် ဆော်သြခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့လှည့်လည်ဆော်သြရာတွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ ကိုဗစ်−၁၉ ရောဂါ သည် နေရာဒေသ မရွေးကူးစက်နိုင်သဖြင့် မိမိတို့၏ ရပ်ကွက် အတွင်းနှင့် ကျေးရွာများ အတွင်းတို့တွင် နေရပ် ပြန် ပြည်သူများ ရောက်ရှိလာသူများ ရှိပါက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး မှတစ်ဆင့် သတင်းပေးပို့ရန် တို့ကို လှည့်လည် ဆော်သြ ခဲ့ကြသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ် ကြောင်းနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက် သွားကြရန် သာမက ပြည်သူများအားလုံး ပူးပေါင်း ပါဝင် ဆောင် ရွက် ကြရန် လိုအပ်ကြောင်းကို လှည့်လည် ဆော်သြ ပေးခဲ့ကြောင်းနှင့် အသိပညာ ပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)