ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ် (၄၉) သိန်းကျော်တန်ဖိုးရှိ ကိုဗစ်−၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

မြောင်းမြ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျပ် (၄၉) သိန်းကျော်တန်ဖိုးရှိ ကိုဗစ်−၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက မြောင်းမြမြို့၊ မြရွှေဝါခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မန်းထွန်းကြိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးတို့က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းပစ္စည်းများအား ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် မြို့နယ် ကိုဗစ်−၁၉ ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် မြောင်းမြ ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) အပါအဝင်ပစ္စည်း (၁၀)မျိုး၊ တန်ဖိုး (၇၃၆ဝဝဝ)၊ ဆေးရုံတွင် တာဝန် ထမ်းဆောင် နေသော ဆရာဝန်များအတွက် PAPR  With  White  Hood (၅) စုံ၊ တန်ဖိုး (၃၈၂ဝဝဝ၀) နှင့် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် PPE ဝတ်စုံ (၃၀) အပါအဝင်ပစ္စည်း (၁၂) မျိုး၊ တန်ဖိုး (၄၀၁၆၄၆) တို့အား အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(မြောင်းမြ)