မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ ၂၀ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

မိတ္ထီလာ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ (၂၀) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။         

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြကွာဟမှုများ ကျဉ်းမြောင်းစေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများမှ ပူးပေါင်း၍ မိမိတို့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ဆောင်ရွက် လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့်  ထမုန်ကန်၊ ချောက်ပင်၊ အရှေ့ကုန်း၊ ပန်းသွင်း၊ အင်းကံ၊ ကန်တောင်၊ ခင်သာ၊ ကုက္ကိုပင်၊ သဲကုန်း၊ ကျွန်းဖိုပင်၊ မကျီးကန်၊ နွားစင်းငုတ်၊ ကြာကန်၊ ထိန်ကန်၊ အောင်သာ၊ ဘုံစုကန်၊ ကန်နီ(အနောက်)၊ ခါးကော့၊ ကျောင်းရာကန်၊ ကျောက်ပုံ ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၃ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)